စိတ်စေတနာနဲ့ တန်တဲ့ဘဝ
တကယ်တော့ ကိုယ့်ဘဝမှာ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိနေဖို့ထက်…ကိုယ့်အပေါ် တကယ်စေတနာမေတ္တာရှိတဲ့..မိတ်ဆွေစစ်အနည်းငယ်လေးသာလိုအပ်ပါတယ်…။ အရေအတွက်ထက် အရည်အသွေးကို ပိုတန်ဖိုးထားရမှာဖြစ်ပါတယ်..။ followers တစ်သန်းထက်…ကိုယ့်အနားမှာ ကိုယ့်ရဲ့အကောင်းအဆိုး အပြစ်အနာအဆာမှန်သမျှကို လက်ခံနိုင်တဲ့…ကိုယ့်အမှားကို ခွင့်လွှတ်ပေးနိုင်တဲ့…သူ့ရှေ့မှာဆို ဟန်ဆောင်မျက်နှာဖုံးတပ်ထားစရာမလိုတဲ့…သူငယ်ချင်းစစ်တစ်ယောက်က ကိုယ့်အတွက် ပိုပြီးတန်ဖိုးရှိပါတယ်…။ ကိုယ်ဝမ်းနည်းတဲ့အခါ…သူ့ရှေ့မှာ ငိုကြွေးလို့ရတဲ့…ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကို ပြောပြလို့ လုံခြုံစေတဲ့ မိတ်ဆွေသူငယ်ချင်းကောင်း တစ်ယောက်လောက်သာရှိခဲ့ရင်…အထီးကျန်ခြင်းဆိုတဲ့ခံစားမှုဟာ ဝင်လာနိုင်မှာမဟုတ်ပါဘူး…။
အဲ့ဒိလို မိတ်ဆွေသူငယ်ချင်းကောင်းမျိုးလိုချင်တယ်ဆိုရင်…ကိုယ်ကအရင်ဆုံး အဲ့ဒိလိုမိတ်ဆွေသူငယ်ချင်းကောင်း ဖြစ်နေဖို့လိုပါတယ်…။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ…။ သူငယ်ချင်းတစ်ယောက်အတွက် ကိုယ်ဘယ်လောက် အချိန်ပေးခဲ့ဖူးသလဲ…သူ့ရဲ့အပြစ်အနာအဆာတွေကို ဘယ်လောက်ထိသည်းခံနားလည်ပေးခဲ့ဖူးသလဲ..သူအဆင်မပြေတဲ့အခါ…ဘယ်နှကြိမ်လောက် ကိုယ် သူ့အနားအရောက်သွားခဲ့ဖူးသလဲ…သူ့ရဲ့ရင်ဖွင့်စကားတွေကို မငြီးမငွေ့ဘဲ.. ဘယ်နှကြိမ်လောက် စိတ်ဝင်တစားနားထောင်ပေးဖူးသလဲ…သူငိုတဲ့အခါ..သူ့ကိုခပ်တင်းတင်းလေးပွေ့ဖက်ထားခဲ့ပြီး မျက်ရည်တွေသုတ်ပြီးအားပေးနှစ်သိမ့်ခဲ့တဲ့အကြိမ် ဘယ်လောက်ရှိခဲ့ဖူးသလဲ…။ ကိုယ်ကစပြီး…ဒါတွေလုပ်မပေးခဲ့ဖူးဘူးဆိုရင်..ကိုယ့်ဘေးနားမှာလည်း…ဒီလိုသူငယ်ချင်းမျိုး ရှိနေနိုင်မယ်မထင်ပါဘူး…။ ကိုယ်လိုချင်တဲ့အရာကို သူများဆီကနေ မျှော်လင့်ရှာဖွေနေမယ့်အစား..ကိုယ့်ဆီမှာ အဲ့ဒီအရည်အသွေးတွေ ရှိနေအောင် ဖြည့်ဆည်းထားရမှာဖြစ်ပါတယ်…။
ကိုယ်အထီးကျန်သလိုခံစားရတဲ့အခါ..ကိုယ့်အနီးနားပတ်ဝန်းကျင်မှာရှိနေတဲ့လူတစ်ယောက်ယောက်ကို အမှတ်တမဲ့ကြင်နာတဲ့အပြုအမူလေးတစ်ခုခု ပေးကြည့်လိုက်ပါ..။ ဥပမာ အပြုံးလေးဖြစ်စေ…သူ့အခက်အခဲလေးကို ကူညီဖြေရှင်းပေးလိုက်တာမျိုးဖြစ်စေ…သူ့ရဲ့ကောင်းကွက်လေးတစ်ခုကို ရှာပြီးချီးကျူးစကားပြောလိုက်တာမျိုးဖြစ်စေ…သူ့ရဲ့နေ့ရက်လေးကို ကိုယ့်ကြောင့် တောက်ပသွားအောင် ဖန်တီးပေးကြည့်လိုက်ပါ…။ အထီးကျန်ဆန်တဲ့ခြောက်သွေ့သွေ့ခံစားမှုနေရာမှာ…နွေးထွေးတဲ့လေပြေလေးလေးတစ်ခု ဖြတ်သန်းသွားတာကို ကိုယ်တိုင်သတိထားမိလာပါလိမ့်မယ်…။ ကိုယ့်ကြောင့် သူတစ်ပါးမှာ နွေးထွေးပျော်ရွှင်သွားစေတဲ့ စက်ဝန်းကလေးကိုစတင်ကြည့်လိုက်ပါ…။ ဟိုးအဝေးကြီးက ကိုယ်မသိတဲ့ လူတွေအများကြီးကြားမှာ အပေါ်ယံမျက်နှာဖုံးကြီးတပ်ပြီး…ပျော်ရွှင်ခြင်းအတုတွေကြားမှာ အထီးကျန်ဆန်စွာ နေထိုင်မယ့်အစား…ကိုယ့်အနီးနားက လူတစ်ယောက်အပေါ် စစ်မှန်တဲ့ ရိုးသားတဲ့ ကြင်နာမှုကလေးတစ်ခု အစပြုကြည့်ပါ..။ ဥပမာ…ကိုယ့်မိသားစုဝင်ထဲကဖြစ်စေ…ကိုယ်ချစ်တဲ့သူကိုဖြစ်စေ…ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်ကိုဖြစ်စေ…ခင်မင်နွေးထွေးစွာစကားပြောကြည့်ပါ…။ သူ့စကားကို ဟန်မဆောင်ဘဲ စိတ်ပါလက်ပါနားထောင်ကြည့်ပါ…။ နွေးထွေးတဲ့စက်ဝိုင်းလေးက မကြာခင်မှာ တစ်ပတ်ပြန်လည်လာပါလိမ့်မယ်…။
လွန်းထားထား (ဆေးတက္ကသိုလ်)
ဈေးနှုန်း - ၁၁၀၀၀ ကျပ်
Order တင်ရန် 🛒
Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

Comments
Post a Comment