စိတ်ရှင်းရင် ဘဝရှင်းပါတယ်
ပစ္စုပ္ပန်အကောင်းလေးတွေစုပါ…
ရွှေကျင်တဲ့အခါ ရွှေတိုရွှေစကလေးတွေကို ခဲသလဲတွေကြားကနေ တစ်စချင်းစီစစ်ပြီးကောက်ယူရတာကို မြင်ဖူးပါလိမ့်မယ်..။ အဲ့ဒီသဘောလေးအတိုင်းပါပဲ.. ကျွန်မတို့ရဲ့စိတ်အတွေးလေးတွေဟာ ခဲသလဲတွေလို အတိတ်နဲ့အနာဂတ်မှာ လွင့်မျောလွန့်လူးနေတတ်ပါတယ်..။ ဒီအထဲကမှ ပစ္စပ္ပန်ဆိုတဲ့ ရွှေစကလေးနဲ့တူတဲ့အချိန်ကလေးတွေကို စိတ်ရှည်လက်ရှည် ရွေးထုတ်ယူတတ်ဖို့လိုပါတယ်..။
ပစ္စုပ္ပန်တည့်တည့်မှာ စိတ်ကလေးကိုထားနိုင်တဲ့အချိန်ဟာ ရွှေနဲ့တူတဲ့အချိန်လေးတွေပါပဲ..။ သိပ်ကိုတန်ဖိုးရှိတာပါပဲ..။ ပစ္စုပ္ပန်တည့်နေတဲ့စိတ်ကလေးမှာ ကောင်းတဲ့အတွေးလေးတွေ.. စိတ်စေတနာကောင်းတဲ့အတွေးလေးတွေ.. ကုသိုလ်စိတ်လေးတွေဖြစ်နေမယ်ဆိုရင် ရွှေစလေးတွေ စုနေတာပဲဖြစ်ပါတယ်..။
ပစ္စုပ္ပန်မှာကောင်းတဲ့အတွေးအပြောအလုပ်ကလေးတွေ လုပ်နေခြင်းဟာ အနာဂတ်အတွက် ကောင်းတဲ့ကုသိုလ်ကံတရားတွေစုဆောင်းနေခြင်းပါပဲ..။ အခုကောင်းနေတာဟာ အတိတ်ကကောင်းခဲ့တဲ့အကျိုးကို ခံစားနေရတာဖြစ်ပါတယ်..။ အခုပစ္စုပ္ပန်ကို အကောင်းလေးတွေစုနေမယ်ဆိုရင် အနာဂတ်အတွက် ကောင်းမှာသေချာနေပါပြီ..။
မကောင်းတဲ့အတွေးလေးတစ်စဝင်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ် သတိလေးပေးလိုက်ပါ..။ အခု စိတ်ထားမကောင်းရင်.. အနာဂတ်မှာ ကံကောင်းမှာမဟုတ်ဘူးပေါ့..။ သူများအတင်းအဖျင်းပြောနေမိတဲ့အချိန်.. လူတစ်ယောက်ကို စိတ်ဆိုးဒေါသထွက်နေမိတဲ့အချိိန်..သူများအပေါ် မနာလိုဝန်တိုစိတ်တွေဖြစ်နေမိတယ်ဆိုရင် ဒါဟာအဆိုးကံတွေ စုနေမိတာပါပဲ..။ ပစ္စုပ္ပန်မကောင်းရင် အနာဂတ်မကောင်းဖို့လည်း သေချာနေပါပြီ..။ ဒါကြောင့် ကောင်းတဲ့ပစ္စုပ္ပန်လေးတွေ စုဖို့လိုပါတယ်..။
အတိတ်ကဖြစ်ရပ်တွေအတွက် နောင်တတွေရနေတာ..စိတ်ဆိုးဒေါသထွက်နေတာ.. စိတ်ညစ်နေတာတွေဟာ ဘာမှအကျိုးမရှိတော့ပါဘူး..။ အနာဂတ်အတွက် လှမ်းပြီးပူပန်ကြောင့်ကြစိတ်တွေ သောကဗျာပါဒတွေများနေခြင်းဟာလည်း ဘာမှ အဓိပ္ပါယ်မရှိပါဘူး..။ ပစ္စပ္ပန်တည့်တည့်လေးမှာ နေနိုင်သလောက်လေး နေကြည့်ပါ..။ နေနိုင်လေလေ အကျိုးရှိလေလေပါပဲ..။
ကိုယ့်ကိုယ်ကိုယ်ကတိလေးပေးကြည့်ပါ..။ ငါ အခုငါးမိနစ်လောက်ကလေးမှာ ပစ္စုပ္ပန်တည့်တည့်မှာနေကြည့်မယ်..။ အတိတ်ကိုလည်း မတွေးဘူး.. အနာဂတ်အကြောင်းလည်း မစဉ်းစားဘူး..။ ပစ္စုပ္ပန်တည့်တည့်ကလေးမှာ ကောင်းတဲ့စိတ်ကလေးနဲ့နေမယ်..။ အတွေးကောင်းလေးတွေးမယ်..။ သူများအပေါ် အကောင်းမြင်ကြည့်မယ်..။ မေတ္တာစိတ်လေးထားကြည့်မယ်..။ ကြည့်မရတာတွေ.. အမြင်ကတ်တာတွေ.. မုန်းနေတာတွေ စတဲ့ စိတ်ပုပ်စိတ်ညစ်တွေအကြောင်းမတွေးဘူး..။ စိတ်ကို ကြည်လင်ငြိမ်းချမ်းနေအောင်နေကြည့်မယ်..လို့ ကတိပေးပြီး တစ်မိနစ်ရရ နှစ်မိနစ်ရရ သတိလေးကပ်ပြီး နေကြည့်ပါ..။ ဒါဟာ ကောင်းတဲ့ ပစ္စုပ္ပန်ရွှေစလေးတွေကို စုနေတာနဲ့တူပါတယ်..။
ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ တရားတစ်ပုဒ်ထဲမှာ သဘောကောင်းတယ်ဆိုတာ ပတ်ဝန်းကျင်အခြေအနေတွေကောင်းနေလို့ ကိုယ့်စိတ်ကလေးကလည်း ကောင်းနေတာမျိုးကို မခေါ်ပါဘူးတဲ့..။ မကောင်းတဲ့ အခြေအနေဆိုးတွေ.. လူတွေကြားထဲမှာ ကိုယ့်ရဲ့စိတ်အကြည်ဓါတ်ကလေးမပျက်အောင် ထိန်းသိမ်းပြီးနေနိုင်တာ.. စိတ်ကောင်းလေးထားနိုင်တာကိုမှ တကယ်သဘောကောင်းတယ်လို့ ခေါ်ပါတယ်တဲ့..။ သူမကောင်းလည်း ကိုယ်ကောင်းပေးနိုင်ခြင်းဟာ ကိုယ့်ရဲ့ပစ္စုပ္ပန်အကောင်းလေးတွေကို စုဆောင်းသီဖွဲ့ပေးနေတာပဲဖြစ်ပါတယ်..။ ဒီစိတ်ကောင်းစေတနာကောင်းလေးတွေက ကိုယ့်ရဲ့အနာဂတ်ကို လှပတောက်ပြောင်စေမှာဖြစ်ပါတယ်..။
ဒါကြောင့် တတ်နိုင်သ၍ အတိတ်နဲ့ အနာဂတ်အကြောင်းမတွေးဘဲ ပစ္စပ္ပန်တည့်တည့်ကလေးမှာ နေတတ်အောင် လေ့ကျင့်ကြည့်ပါ..။ ကောင်းတဲ့ ပစ္စုပ္ပန်လေးတွေကိုစုဆောင်းပါ…။
လွန်းထားထား (ဆေးတက္ကသိုလ်)
ဈေးနှုန်း - ၁၁၀၀၀ ကျပ်
Order တင်ရန် 🛒
Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ

Comments
Post a Comment