နှလုံးသားကို ဖွင့်တဲ့သော့

နှလုံးသားကို ဖွင့်တဲ့သော့

 မပျော်ရွှင်နိုင်ခြင်းရဲ့ အဓိကအကြောင်းရင်းက..ကိုယ့်ကိုယ်ကိုယ်ပေးနိုင်နေတဲ့အရာတွေကို ကိုယ်တိုင်မပေးဘဲ..သူများဆီက မျှော်လင့်နေမိလို့ပဲဖြစ်ပါတယ်..။ သူများဆီက ချစ်ခြင်းတွေ..ဂရုစိုက်ခြင်းတွေ..အလိုက်သိခြင်းတွေ မျှော်လင့်နေမယ့်အစား..ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့..ဂရုစိုက်ဖို့..အလိုက်သိဖို့..ကျွန်မတို့ သတိမထားမိကြတာပါ..။ ကိုယ့်ကိုယ်ကိုယ် ချစ်နေမှတော့ သူများဆီကအချစ်ကို မျှော်လင့်နေဖို့မှ မလိုတာ…။ ကိုယ့်ရဲ့လိုအင်ဆန္ဒလေးတွေကို ကိုယ့်ဘာဘာဖြည့်ဆည်းပေးနိုင်မှတော့ သူများဆီက အလိုက်သိမှုတွေ…ဖြည့်ဆည်းမှုတွေကို မျှော်လင့်နေဖို့ မလိုတော့ဘူးမဟုတ်လား…။

ကျွန်မတို့အိမ်ထောင်အစဦးကာလပိုင်းတွေမှာ..အထင်လွဲရတာတွေ..စိတ်ဆိုးစိတ်ကောက်ရတာတွေ ရှိခဲ့ပါတယ်..။ အဓိကကတော့..ကျွန်မက ခင်ပွန်းဆီကနေ..အလိုက်သိမှုတွေ မျှော်လင့်နေမိတာကြောင့်ပဲဖြစ်ပါတယ်..။ ကျွန်မနှုတ်ကနေ ဖွင့်မပြောဘဲ..ကျွန်မစိတ်ကို သူအလိုလိုသိနေလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးက အဆိုးဆုံးပါပဲ..။ သူက စိတ်ဖတ်တတ်သူမှ မဟုတ်တာ..ကျွန်မစိတ်ထဲ ဘာဖြစ်နေသလဲ..သူဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ..။ 

အချိန်ကာလကြာလာတာနဲ့အမျှ…ကျွန်မက သူ့ဆီကနေ မျှော်လင့်ချက်တွေမထားသလောက် လျှော့ချလိုက်ပါတယ်..။ ကျွန်မရှင်းလင်းထားတဲ့အိမ်လေးမှာ..သူ့ပစ္စည်းတွေ ဟိုတင်ဒီတင် ရှုပ်ဖွပစ်လိုက်ရင်လည်း..အရင်ကလို စိတ်မတိုတော့ပါဘူး..။ အလိုက်တသိ ရှင်းလင်းသိမ်းဆည်းပေးဖော်ရဖို့ ကျွန်မမျှော်လင့်နေမိရင် ကျွန်မပဲ စိတ်တိုရမယ်လေ…။ ဒီအကျင့်လေးဟာ..သူကိုယ့်အပေါ် ကောင်းတဲ့အချက်လေးတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပါဘူးလေ..လို့ တွေးလိုက်ပါတယ်..။ 

သူ့ရဲ့ကောင်းကွက်လေးတွေကို ရှာပြီးတွေးလိုက်တဲ့အခါ..သူ့ကိုကျေးဇူးတင်စရာလေးတွေတောင် ရှာတွေ့လာမိပါသေးတယ်..။ သူ မပွေမရှုပ်ဘူး..ဆေးလိပ်အရက်မသောက်ဘူး..မိသားစုကို တင့်တောင့်တင့်တယ်နေထိုင်နိုင်အောင် ရှာဖွေလုပ်ကျွေးနေသူ..ဆိုတဲ့အချက်လေးပဲတွေးလိုက်မိရုံနဲ့တင်..သူ့ရဲ့လိုအပ်ချက်လေးတွေကို ဖြည့်တွေးပေးနိုင်လာပါတယ်…။ သူ့ဆီကနေ အလိုက်သိမှုကို မျှော်လင့်မနေတော့ဘဲ..ကိုယ့်ဘာသာကိုယ်ပဲ အလိုက်သိလိုက်ပါတယ်..။ ဒါဆို ကိုယ်ပျော်ရွှင်လာရတာပါပဲ..။ သူ့ကို ရန်မလုပ်ဖြစ်တော့ဘဲ..စိတ်ဆိုးစိတ်ကောက်မလုပ်မိတော့တဲ့အခါ…ဆက်ဆံရေးက အလိုလို ပြေလည်အေးချမ်းလာတာပါပဲ..။

မျှော်လင့်ချက်တွေမထားတော့လေလေ..သူ့ရဲ့ပကတိအရှိအတိုင်းကို လက်ခံလာနိုင်လေလေမို့ အဆင်မပြေဖြစ်ရတာတွေ..စိတ်အလိုမကျနိုင်စရာတွေ..အပြစ်တင်ရတာတွေ ပါးလျလာလေလေဖြစ်ပါတယ်…။ ကျွန်မတို့က လူတစ်ယောက်ကို ချစ်တယ်ဆိုတာ…သူ့ဆီကနေ ကိုယ်လိုချင်တာတွေရဖို့ ကိုယ်စိတ်ချမ်းသာပျော်ရွှင်ဖို့ သူ့ကိုချစ်ကြတာဖြစ်ပါတယ်..။ ဒါဟာ မျှော်လင့်ချက်တွေနဲ့ ချစ်တာဖြစ်ပါတယ်..။ လူတစ်ယောက်ကို မျှော်လင့်ချက်မပါဘဲ..ချစ်ကြည့်ပါ…။သူချမ်းသာပျော်ရွှင်ဖို့..သူ့ရဲ့လိုအပ်ချက်လေးတွေကို ဖြည့်ပေးကြည့်ပါ…။ ဘာမှပြန်ရကောင်းစေ မျှော်လင့်မထားပါနဲ့..။ မျှော်လင့်ချက်နည်းနိုင်လေလေ..သူနဲ့ဆက်ဆံရေးက မြဲမြံသန်စွမ်းလာလေပဲဖြစ်ပါတယ်….။

လွန်းထားထား (ဆေးတက္ကသိုလ်)

ဈေးနှုန်း - ၁၁၀၀၀ ကျပ်

Order တင်ရန် 🛒

Facebook Messenger: ဒီနေရာမှာနှိပ်၍မှာယူပါ


Comments

Popular posts from this blog

မြစ်တို့၏မာယာ

မိမိကိုယ်ကို ပြုပြင်ခြင်း

တိမ်နဲ့ချည်တဲ့ကြိုး